top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်

နေ့စဉ်သတင်းစုစည်းမှု

19-June-2024



တိုက်ပွဲသတင်း

 

၁။ အကြမ်းဖက်စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ကာ TNLA စခန်းကို ဗုံးကြဲတာကြောင့် တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

 

ဇွန် ၁၉ ၊ PVTV

 

အကြမ်းဖက်စစ်ကောင်စီက ဟိုင်ဂင် အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ကာ TNLA စခန်းကို ဒရုန်း ၂ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် TNLA ရဲဘော်တဦး ကျဆုံးကာ၊ ရဲဘော် ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါ တယ်။ နောင်ချိုမြို့နယ်က တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသကို ဇွန် ၁၈ ရက်၊ နေ့လည်ပိုင်း အချိန်က ဒရုန်း ၂ စင်းနဲ့ လာရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အုမ္မတီးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်တပ်ဖွဲ့ဟာ ဆမ္မဆယ်ရွာ ဘက်ကို လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာမှာ TNLA တပ်စခန်း တည်နေရာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း ပြောပါတယ်။

မနေ့က တဆက်တည်းမှာဘဲ ရန်သူစစ်အုပ်စုက နေ့လည် ၃ နာရီ ၄၄ မိနစ် ၊ ၃ နာရီ ၅၀ မိနစ် ၊၃ နာရီ ၅၅ မိနစ်တို့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အပစ်ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်လာတဲ့ အကြမ်း ဖက် စစ်ကောင်စီဟာ တအာင်းတပ်တည်နေရာတွေကို လက်နက်ကြီးနဲ့ နေ့စဥ်ရက်ဆက် ပစ်ခတ်ကာ၊ ဇွန် ၉ ရက်နေ့က လည်း မိုးမိတ်နယ်ထဲက မိန်ပိန်း နဲ့ ပန်းတင်ရွာကြားကို တန်ချိန် ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချခဲ့တဲ့အတွက် TNLA တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

၂။ မုံရွာမှာ PDF တွေ စီးလာတဲ့ကား ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး၊ တစ်ဦးဖမ်းဆီးခံရ

 

ဇွန် ၁၉ ၊ RFA

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဇွန်လ ၁၇ ရက်နေ့မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရဲ့ ကားကို စစ်ကောင်စီ တပ်က လိုက်လံပစ်ခတ်ခဲ့တာကြောင့် PDF တစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ မုံရွာမြို့ပေါ်က စစ်ကောင်စီတပ်သားတွေကို သွားရောက်ပစ်ခတ်ပြီးအပြန်မှာ အခုလိုဖြစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာမြို့ခံတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။ “မနက် ၉ နာရီလောက်မှာ PDF နဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့ပြီးတော့ တိုက်ပွဲဖြစ်တယ်။ PDF က တစ်ယောက်ကျတယ်။ တစ်ယောက်အဖမ်းခံရတယ်။ မုံရွာမြို့ပေါ် တစ်နေရာ မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာကို သူတို့သွားပြီးတော့ ပစ်ခတ်တာ။ ပစ်ခတ်ပြီးတော့အပြန် မုံရွာမြို့ပေါ်မှာ သူတို့ ဂိတ်တွေ၊ ကင်းပုန်းတွေလည်း ချထားတော့ အဲဒီကားကို သူတို့စစ်ဆေးဖို့ တားတဲ့အချိန်မှာ ကားကမရပ်ပေးတော့ စစ်တပ် က လိုက်ပစ်တာ”။ သေဆုံး၊ ဖမ်းဆီးခံရသူတွေဟာ ဘယ်တပ်ဖွဲ့ကလဲဆိုတာကိုတော့ တိတိကျကျမသိရသေးသလို ကာကွယ်ရေးတပ်တွေဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

 

၃။ ပြည်သူအယောင်ဆောင်ကာ မိုင်းရှင်းနေသော စစ်သားနှင့်ပျူ တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးဟုဆို

 

ဇွန် ၁၉ ၊ Myanmar Pressphoto Agency

 

စစ်ကိုင်းတိုင်း၊ မုံရွာ - ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ပြည်သူအယောင်ဆောင်ကာ မိုင်းရှင်းနေသည့် စစ်သားနှင့်ပျူစောထီးတို့ကို တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကြောင်း Area 71 People’s Defense Force က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇွန်၁၉) နံနက် ရှစ်နာရီကျော်တွင် ချောင်းဦးမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ ပြည်သူဟန်ဆောင်ပြီး မိုင်းရှင်းလင်းနေသည့် စစ်သားနှင့်ပျူစောထီးတို့ မိုင်းပွိုင့်ပေါ် တည့်တည့် ရောက်ရှိလာသဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Area 71 People’s Defense Force ထံက သိရသည်။ “မိုင်းပွိုင့်ပေါ်ကွက်တိကျတာနဲ့မိုင်းဆွဲတာ သုံးယောက် သေတယ်။ကင်းပုန်းတွေက မနားတမ်း ပစ်တာနဲ့ သေတဲ့သူတွေကို ပြန်သယ်၊မသယ် မကြည့်နိုင်ခဲ့ဘူး။မိုင်းရှင်းတာက တစ်ဖွဲ့၊ ကင်းပုန်းတွေက သီးသန့်ရှိတာ” Area 71 People’s Defense Force တာဝန်ခံ ကိုထွန်းက MPA သို့ ပြောသည်။

ကင်းပုန်းစစ်သားတို့က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDFရဲဘော်များ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

၄။ ထားဝယ်မြို့နယ်၊ ဘုရားမဲဂိတ်ရှိ စစ်သားများကို စနိုက်ပါဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

ဇွန် ၁၉ ၊ D Day News

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဘုရားမဲဂိတ်ရှိ အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ ဇွန်လ ၁၇ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ထားဝယ်မြို့နယ်၊ ဘုရားမဲ စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စနိုက် ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးသွားပြီး စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -YPPDF နှင့် Dawei Guerrilla Revolutionary Force – DGRF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

၅။ ညောင်လေးပင်မြို့နယ်ရှိ စစ်တပ်စခန်း ၃ ခုကို တပြိုင်တည်း တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

 

ဇွန် ၁၉ ၊ D Day News

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်း ၃ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း Fire Dragon PDF တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၃ နာရီ ၅ မိနစ်အချိန်တွင် ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင် -မဒေါက်လမ်းပိုင်းရှိ တာပြတ် စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၂ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၅ ဦးသေဆုံးကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကို KNLA ပူးပေါင်း အဖွဲ့နှင့်အတူ မီးနဂါးစစ်ကြောင်းမှ ရဲဘော်များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ကာ ၁ ဦး ပေါင်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အလားတူ ပုဇွန်မြောင်းရွာ၊ ဆွဲဒလွဲ ပိုင်း ကျောင်းကြီးဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ထို့အပြင် ညောင်လေးပင်မြို့နယ် ရေကြည်ချောင်းရွာဘုန်းကြီးကျောင်း၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ အကြမ်း ဖက်စစ်သား ထိခိုက်သေဆုံးမှု ထပ်မံရှိနိုင်သော်လည်း အတိအကျ သိရှိရခြင်းမရှိသေးကြောင်း Fire Dragon PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၆။ တရုတ်ကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း နေပြည်တော်သို့လာရောက်ကာ စစ်ကောင်စီနဲ့တွေ့ဆုံ

 

ဇွန် ၁၉ ၊ Mizizma

 

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာလာပြီး ရခိုင်ပြည်နယ်မှာလည်းအာရက္ခတပ်တော် AAရဲ့ မြို့သိမ်းတိုက်ပွဲများ အရှိန်အဟုန်ပြင်းထန် လာချိန်မှာ စစ်ကောင်စီရဲ့ ဖိတ်ကြားချက်အရ တရုတ်အစိုးရရဲ့ ကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းက နေပြည်တော်သို့ လာရောက်ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းဟာ ဇွန် ၁၈ ရက်နေ့က နေပြည်တော်ရှိ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ မြန်မာ-တရုတ် မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပိုမိုမြှင့်တင်နိုင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့်ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာ အထူးသဖြင့်အာဆီယံနဲ့ ကုလသမဂ္ဂမှာပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စတို့အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။စစ်ရေးအကဲခတ်တွေကတော့ အခုတခေါက်တွေ့ဆုံမှုမှာ လည်း ရှမ်းမြောက်ပိုင်းမှာ အခုနောက်ဆုံး စစ်ရေး ပြင်းထန်လာတာနဲ့ ရခိုင်အရေးကိစ္စတွေ ဆွေးနွေးဖို့ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်များအကြား တရုတ်အစိုးရရဲ့ ကြားဝင် ပေးမှုနဲ့ ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ ဟိုင်ဂင်သဘောတူညီချက်အရ အပစ်ရပ်ခဲ့ပေမယ့်လည်း လက်ရှိမှာ စစ်တပ်က မြောက်ပိုင်းမဟာမိတ် ညီနောင်တပ် စခန်းတွေကို တောက်လျှောက်ဆိုသလို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း ဖြင့် ဗုံးကျဲခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းများ လုပ်ဆောင်တာကြောင့် အပစ်ရပ်စာချုပ်ကို ချိုးဖောက်နေကြောင်း ညီနောင်မဟာ မိတ်အဖွဲ့တွေက ထုတ်ပြန်ပြောကြားထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေ များ ပြန်လည် ပေါင်းစည်းရေး၊ ပြန်လည်ရရှိရေးမှာ စစ်ကောင်စီရဲ့ ဦးစားပေးလုပ်ငန်းစဉ်နဲ့ ရည်မှန်းချက်အဖြစ် ရှိနေပြီး နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံရဲ့ ကူညီမှုဖြင့်သော်လည်းကောင်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားတာ ဖြစ်ပါတယ်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၇။ တီးတိန်တွင် စစ်ကောင်စီတပ်က ကျေးရွာများကိုဝင်ရောက်လုယက်ပြီး အမျိုးသား ၅ ဦးကို ဖမ်းဆီးသွား

 

ဇွန် ၁၉ ၊ Mizizma

 

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် ကနေဒီတောင်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့သည် အနီးဝန်းကျင်ကျေးရွာများကို ဝင်ရောက်လုယက်ပြီးနောက် ဆိုဇန်ကျေးရွာမှ အမျိုးသားငါးဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

တီးတိန်-ကလေး ကားလမ်းဘေးရှိ ကနေဒီတောင်စခန်းမှ စစ်ကောင်စီတပ်သည် ယနေ့(ဇွန်လ ၁၉ ရက်) နံနက် ၇ နာရီခန့် တွင် ဆိုဇန်ကျေးရွာကိုဝင်ရောက်ပြီး စားသောက်ကုန်များ၊ လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများကိုသိမ်းယူကာ အာလွယ်ကျေးရွာသို့ ဆက်လက်ထွက်ခွာသွားကြောင်း PDF -Zoland တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။ “ဒီနေ့မနက်ပိုင်း က ဆိုဇန်ရွာထဲကို စကစတပ်တွေဝင်လာတယ်။ ဖုန်းတွေကို သိမ်းတယ်။ ပြီးတော့ ပိုက်ဆံတွေ၊ ဆန်၊ ဆီ၊ ဆား စားသောက် ကုန်တွေ အကုန်ယူသွားတယ်။ အမျိုးသားငါးယောက်ကို လက်ပြန်ကြိုး တုတ်ခေါ်သွားပြီး အာလွယ်ရွာဘက်ကို ဆက်သွား ကြတယ်” ဟု PDF -Zoland တာဝန်ရှိသူက မဇ္စျိမ ကို ပြောသည်။ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်သည် တီးတိန် မြို့နယ်ရှိ PDF Zoland သိမ်းပိုက်ထားသော ကနေဒီ တောင်စခန်းကို ဇွန်လ ၁၈ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်ပြီးနောက် အနီးအနားရှိ ကျေးရွာများသို့ ဝင်ရောက်ကာ လုယက်နေခြင်းဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

 

၈။ မန္တလေး၌ ပန်းပန်သူနှင့် ပန်းစည်းကိုင်ထားသော အမျိုးသမီးများ အဖမ်းခံရ

 

ဇွန် ၁၉ ၊ The Irrawaddy

 

မန္တလေးမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းသပိတ်လှုပ်ရှားမှုတွင် ပါဝင်သည် ဆိုသော အကြောင်းပြချက်ဖြင့် ပန်းပန်သော အမျိုးသမီးများနှင့် ပန်းစည်းကိုင်ထားသူများအား စစ်ကောင်စီက ဖမ်းဆီးခြင်း များ ပြုလုပ်နေကြောင်း သိရသည်။ မန္တလေးမြို့ခံတဦးက “အခုလို ဖမ်းဆီးတာတွေ လုပ်ဖို့အတွက် ကြိုတင်စီစဉ်ပြီးမှကို လုပ်တာ၊ မန္တလေးမှာ ဒီလောက်ထိ လုယက်ဓားပြမှုတွေနဲ့ ရာဇဝတ်မှုတွေ ထူပြောနေတာတောင် အဲဒီသူတွေကို ဖမ်းမိဖို့ ထက် အခုလိုမျိုးတွေကို ဖမ်းမိဖို့က သူတို့အတွက် ပိုအရေးကြီးတယ်ဆိုတာ ပြလိုက်တာမျိုး ပဲ၊ မိန်းကလေးတွေ ပန်းပန်တာ အပြစ်လား” ဟု ပြောသည်။ ဖမ်းဆီးခံရမှုအနေဖြင့် ချမ်းအေးသာစံမြို့နယ်၊ ၈၁ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ လက်ဖက်ရည် ဆိုင် ထိုင်နေသည့် လူငယ်၂ ဦး ကို ပန်းပန်ထားသည်ဟုဆိုကာ ဆိုင်အတွင်းဝင်ရောက်ပြီး ရိုက်နှက်ခေါ်ဆောင်သွားသလို၊ ပန်းစည်းကိုင်ပြီး ဓာတ်ပုံရိုက်သည့် အမျိုးသမီး ၂ ဦး၊ ရွှေယမင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင်အပါအဝင် အမျိုးသမီးဝန်ထမ်းများ ကိုပါ ပန်းပန်ထားခြင်းကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း မန္တလေး မြေပြင်ကင်းထောက်အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရ သည်။ ထိုသို့ ဖမ်းဆီးခံရသူများမှာ ယနေ့ နံနက်ပိုင်းတွင်ပင် ၇ ဦးထက်မနည်း ရှိကြောင်း သိရသည်။ စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်အကောင့်များ၌ လူမှုကွန်ရက်တွင် ပန်းပန်သည့် ပုံများတင်သော အကောင့်များကို လိပ်စာများနှင့် တကွ ဖြန့်ဝေကာ ဖမ်းဆီးခိုင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

 

၉။ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူ

 

ဇွန် ၁၉ ၊ Mizzima

 

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက်၏ ပဓာနနာယကဆရာတော်၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် ယနေ့(ဇွန်လ ၁၉ ရက်) မွန်းလွဲပိုင်းက စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွား ကြောင်း သတင်းရရှိသည်။ ဆရာတော်သည် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်သို့ သွားရောက်စဉ် ကားတံခါးမှန်မချဘဲ မောင်းနှင်မိသောကြောင့် စစ်ကောင်စီပတ်ကင်းမှ ပစ်ခတ်ခဲ့၍ ပျံလွန်တော်မူရခြင်းဖြစ်သည်ဟု ဖြစ်စဉ်ကိုသိရှိသူ ၎င်း၏ တပည့်ဒါယိကာတဦးက မဇ္ဈိမကိုပြောသည်။“ငါန်းဇွန်နယ်ကို အကြောင်းတခုကြောင့်သွားတာ စစ်ကောင်စီပတ်ကင်းနဲ့ တွေ့တာမှာ ကားကို တံခါးကို မှန်မချဘဲ မောင်းလို့ဆိုပြီးပစ်တာပဲ။ အဲ့ဒီမှာ ပျံလွန်တော်မူသွားတာပါ” ဟု ဆရာတော်၏ တပည့်ဒါယိကာ က မဇ္ဈိမကိုပြောသည်။ လက်ရှိတွင် ဆရာတော်၏ ရုပ်ကလာပ်မှာ ငါန်းဇွန်ဒေသအတွင်းရှိနေဆဲဖြစ်ပြီး သယ်ယူနိုင်ရန် ဆေးဖြင့် စီမံပြီးနောက် ပဲခူးသို့ သယ်ယူမည်ဖြစ်ကြောင်းလည်း တပည့်ဒါယိကာက ပြောသည်။

“ကျွန်တော်တို့လည်း ကိုယ့်နယ်ကို လာတဲ့အချိန်မှာဖြစ်သွားတာဆိုတော့ စိတ်မကောင်းဘူး” ဟု ငါန်းဇွန်မြို့နယ်မှ ဒေသခံ တဦးကလည်း ပြောသည်။



 

 

 

33 views0 comments

Comments


bottom of page