နေ့စဉ်သတင်းစုစည်းမှု
20-June-2024
တိုက်ပွဲသတင်း
၁။ ပခုက္ကူ PDFကင်းစခန်း စီးနင်းခံရပြီး ရဲဘော်၂ ဦးကျဆုံး
ဇွန် ၂၀ ၊ The Irrawaddy
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ကင်းစခန်းအား ဇွန်လ ၁၈ ရက်တွင် ခြေမြန်တပ်မဌာန ချုပ်- တပ်မ ၁၀၁ မှ အင်အား ၄၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းရာ ရဲဘော်၂ ဦးနှင့် ထမင်းချက် ၁ ဦး ကျဆုံး ပြီး သေနတ် ၄ လက်ဆုံးရှုံးခဲ့ကြောင်း (မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG)ထံက သိရသည်။ ကျဆုံးခဲ့သူများမှာ အသက် ၃၉ နှစ်အရွယ် ရဲဘော် ပုလင်း၊ အသက် ၁၉ နှစ်အရွယ် ရဲဘော် လားလားနှင့် စခန်းတွင် ထမင်းချက်ပေးနေသည့် အမျိုးသား ၁ ဦး ဖြစ်ပြီး G-3 သေနတ် ၂ လက် ၊ AK ၁ လက်၊ MK 12 ၁ လက်တို့ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
MRG တာဝန်ခံရဲဘော်ပြေက" Dead body တွေတော့ အားလုံးပြန်ရပါပြီ။ သဂြိုဟ်ပြီးပါပြီ။ ရဲဘော် ၁ ယောက်နဲ့ ထမင်းချက် ကတော့ ဖမ်းခံရပြီး ခေါင်းကို ပစ်သွားတာ။ ကျန်တဲ့ ရဲဘော် ၁ ယောက်ကတော့ ပစ်ခတ်မှုဖြစ်ရင်း ခန္ဓာကိုယ်ကို ထိသွား တာ"ဟု ပြောသည်။ စစ်ကောင်စီက အဆိုပါကင်းစခန်းကိုစီးနင်းပြီးနောက် တပ်မ ၁၀၁ ထဲသို့ ပြန်လည်ထွက်ခွာရာတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ မိုင်းဆွဲခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၂။ နွားထိုးကြီးမြို့တွင် စစ်ကားများကို မိုင်းဆွဲ၊ ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံးပြီး ကား ၂ စီးပျက်စီး
ဇွန် ၂၀ ၊ D Day News
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရှောက်တောရိုးကွေ့တွင် အကြမ်းဖက်စစ်သားများ လိုက်ပါလာသည့် ဖောကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးလုံးပျက်စီးသွားကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရ သည်။ ဇွန်လ ၁၈ ရက် နံနက် ၁၁ နာရီခန့်က နွားထိုးကြီးမြို့မှ ပြင်စည်ရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်သား ၃၀ ခန့်လိုက်ပါလာသည့် ဖောကားတစ်စီးကို ရှောက်တောရိုးကွေ့ အရောက်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားလုံးဝ ပျက်စီးသွားပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။ ထို့အပြင် မွန်းလွဲ ၁ နာရီခန့်တွင် ကားပျက်သွားသဖြင့် လမ်းလျှောက်နေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား များ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်သားများလိုက်ပါလာသည့် ကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။ ဇွန်လ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာမှ နွားထိုး ကြီးမြို့ဘက်သို့ မောင်းနှင်လာသော အကြမ်းဖက် စစ်သားများလိုက်ပါလာသည့် ကားကို ရှောက်တော ရိုးကွေ့အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။ ဇွန်လ ၁၅ ရက်နေ့တွင် နွားထိုးကြီးမြို့မှ ပြင်စည်ကျေးရွာဘက်သို့ အကြမ်းဖက်စစ်သား ၁၀ ဦးခန့် လိုက်ပါလာသည့် ဖိုးဝှီးကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ပျက်စီးသွားသည့် ကားကို ပြင်စည်ကျေးရွာသို့ အခြားကားတစ်စီးဖြင့် လာရောက်ဆွဲယူသွားကြောင်း သိရသည်။
၃။ ဆီဆိုင်မြို့ အနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဆက်ဖြစ်
ဇွန် ၂၀ ၊ DVB
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နဲ့ အနီးဝန်းကျင်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် အရပ်သားထိခိုက်မှုတွေ များလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဆီဆိုင်ဒေသကို စစ်ကောင်စီက ပြန်ထိန်းချုပ်သွားနိုင်ပြီလို့ ဆိုထားပေမယ့် မြေပြင်တိုက်ပွဲတွေ ရှိနေဆဲဖြစ်ပြီး မြို့ပေါ်မှာလည်း မြေမြှုပ်မိုင်းတွေကျန်နေကာ မကြာခဏပေါက်ကွဲမှုတွေရှိပြီး အရပ်သား ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေတယ်လို့ ဆီဆိုင်ဒေသခံတွေက ပြောပါတယ်။ သီးနှံစိုက်ပျိုးချိန်ဖြစ်တဲ့အတွက် လာရောက်စိုက်ပျိုးပြီး စစ်ရှောင်တဲ့နေရာတွေကို ပြန်နေထိုင်ကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား ၅ လနီးပါး တိုက်ပွဲတွေဖြစ်ခဲ့ပြီး နောက် ဆီဆိုင်မြို့ပေါ်ရပ်ကွက် အများစုပျက်စီးသွားခဲ့ပြီး အဲ့ဒီအတွက် စစ်ကောင်စီက လျော်ကြေး ပေးတယ်လို့ဆိုပေမဲ့ လက်တွေ့မှာတော့ နီးစပ်သူတွေသာ ရနေကြောင်း ဆီဆိုင်ဒေသခံက ပြောပါတယ်။
၄။ ရေဖြူမြို့နယ်ထဲ နေရာ ၂ ခုမှာထိတွေ့ တိုက်ပွဲဖြစ်
ဇွန် ၂၀ ၊ BBC
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲက ထားဝယ်အထူးစီးပွားရေးဇုန်အနီးအပါအဝင် နေရာ ၂ ခုမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ ဇွန်လ ၁၉ ရက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အရပ်သား ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ရေဖြူမြို့နယ်မြောက်ပိုင်း၊ ရာဖူးကျေးရွာအုပ်စု၊ မျောက်ချောရွာ၊ မလွဲတောင်ခြေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး မြို့နယ်တောင်ပိုင်းက မူဒူးရွာမှာလည်း စစ်ကြောင်းထိုး မီးရှို့ခံရတယ်လို့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေဆီကနေ သိရပါတယ်။မျောက်ချော ကျေးရွာနားက တိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား ဇွန် ၁၉ ရက်မှာ မနက် ၈ နာရီ ဝန်းကျင်ကနေ ညနေ အထိ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။မျောက်ချော(ထော်လဝီ)ရွာကို စစ်ကောင်စီ နေ့လယ် ၂ နာရီဝန်းကျင်မှာ တစ်ကြိမ်၊ ၂ နာရီ ခွဲလောက်မှာတစ်ကြိမ် လေကြောင်းနဲ့ ဗုံး ၆ လုံးကြဲခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်းမှာ နှစ်ဖက်အထိခိုက်တွေ ရှိနိုင်ပေမဲ့ ဆက်သွယ်ရေးပြတ်တောက်နေတာကြောင့် အချက် အလက် အသေးစိတ်တွေ မသိရသေးပါဘူး။
၅။ ဝိုင်းမော်မြို့ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး
ဇွန် ၂၀ ၊ Ayeyarwaddy Times
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မြောက်ဘက်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန် ၁၈ ရက်နှင့် ယမန်နေ့ ဇွန် ၁၉ ရက် ညပိုင်းအထိ ဝိုင်းမော်မြို့နယ် မြောက်ဘက် ဝူယန်ရွာနှင့် လုမြန်ရွာအကြားတွင် စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ရှိကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။ "ခလရ- ၅၈ ကနေ လက်နက်ကြီး ပစ်ကူတစ်ချိန်လုံး ပစ်တယ်။ တိုက်ပွဲက အတော်ပြင်းထန်တယ်။ နှစ်ရက်လုံး အပြန်အလှန်ပစ်ကြတာ။ စစ်ကောင်စီဘက်က သေဆုံးတာတွေရှိတယ်။ ဗိုလ်မှူးတစ်ဦးပါ သေတဲ့အထဲပါတယ်ပြောတယ်" ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဝိုင်းမော်မြို့နယ်၊ ဆဒုံးဒေသရှိ တပ်စခန်းအားလုံးနီးပါးကို KIA ကပြီးခဲ့သည့် ဇွန် ၁၁ ရက်နေ့က တိုက်ခိုက်သိမ်းယူခဲ့ပြီး ယင်းနေ့တစ်ရက်တည်းတွင်ပင် စစ်ကောင်စီတပ် စခန်းနှင့် ပြည်သူ့စစ်စခန်း စုစုပေါင်း ၁၈ ခုကျော်ကို သိမ်းယူနိုင်ခဲ့သည်။
စစ်ကောင်စီတပ် ခလရ-၅၈ တပ်ရင်းမှနေ၍ တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီး ပစ်ကူများပေးခဲ့ပြီး အဆိုပါတပ်ရင်း သည် ဝိုင်းမော်မြို့နယ်နှင့် နှစ်မိုင်ခန့်အကွာ မုတ်လွဲလမ်းဆုံ၌ အင်အား ၁၀၀ ခန့်ဖြင့် တပ်ထိုင်ထားကြောင်းသိရသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၆။ မြေပုံတွင် လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ် နှစ်ဦး သေဆုံး
ဇွန် ၂၀ ၊ The Irrawaddy
အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ တုတ်ချောင်းရွာအား ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့သည့်အတွက် ကလေးငယ်တဦးအပါအဝင် နှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရသူအချို့လည်းရှိကြောင်း သိရသည်။ တုတ်ချောင်းရွာသည် မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်အကြားတွင်ရှိပြီး စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ရခိုင်ပြည်နယ်အတွင်း AA သိမ်းပိုက် ထားသည့် မြို့နယ်များနှင့် တိုက်ပွဲဖြစ်ပွားရာဒေသပတ်ဝန်းကျင်တို့ရှိ ကျေးရွာများအား စစ်တပ်က မကြာခဏ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ အရပ်သားထိခိုက်သေဆုံးမှုများရှိနေပြီး ဇွန်လ ၁၈ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ပန်းတင်းတိုက်နယ်၊ ကံဆိပ်ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်တဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၅ ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။အလားတူ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာ ကိုလည်း ဇွန်လ ၄ ရက်က စစ်တပ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးခဲ့ရပြီး ၂၄ ဦးထက် မနည်းထိခိုက်ဒဏ်ရာများ ရခဲ့သည့် အပြင် နေအိမ်အများအပြားလည်း ပျက်စီးခဲ့ရသည်။
၇။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းပန်မှုဖြင့် အမျိုးသမီး ၄ ဦးဖမ်းဆီးခံရ
ဇွန် ၂၀ ၊ The Irrawaddy
ဧရာဝတီတိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင်းဆီပန်းပန်တဲ့ ဆရာမ တယောက် အပါအဝင် အမျိုးသမီး ၄ ဦးထက်မနည်း ပန်းသပိတ်မှာ ပါဝင်မှုနဲ့ စွပ်စွဲ ဖမ်းဆီးခံရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ သာပေါင်းမြို့နယ်က တဦး၊ မအူပင် မြို့နယ်က တဦး၊ ကျိုက်လတ်မြို့နယ်က တဦးနဲ့ ၊ ပုသိမ်က တဦးဖြစ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရ ပါတယ်။ ''စစ်ကောင်စီတပ်နဲ့ ရဲတွေကဖမ်းတာ။ အားလုံး ၄ ယောက်ပါ။ ခပ်ငယ်ငယ်လေးတွေလည်း ပါတယ်။ အဲ့နေ့က နှင်းဆီပန်း အနီပန်လို့တဲ့ သာပေါင်းမြို့နယ်၊ ဇီးကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းက ကျောင်းဆရာမ ၁ ယောက်ဆို စာသင်နေရင်းလာဖမ်းသွား တာလို့သိရတယ်။ ကျန်တဲ့ ၃ ယောက်လည်း ပန်းပန်လို့ အဖမ်းခံရတာပဲ။”
အဖမ်းခံရသူတွေဟာ အမျိုးသမီးတွေချည်းပဲဖြစ်ပြီး အသက် ၂၀ ကျော်အရွယ် အရပ်သား ၃ ယောက်နဲ့ အသက် ၃၀ ကျော် အရွယ် ကျောင်းဆရာမ တယောက်ဖြစ်ပြီး လက်ရှိမှာ ဖမ်းဆီးထားသူတွေကို စစ်ကောင်စီတပ်က ရဲစခန်းတွေမှာ ထားရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။
Comentários