top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် မေလ ၃ ရက်

နေ့စဉ်သတင်းစုစည်းမှု

03-May-2024


တိုက်ပွဲသတင်း


၁။ လောင်းလုံမြို့အပြင်ဘက်ကို ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၄၀ပါစစ်ကြောင်း ကို PDF တွေ တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံး


မေ ၃ ၊ PVTV


တနင်္သာရီတိုင်း၊ လောင်းလုံမြို့အပြင်ဘက်ကို ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၄၀ ပါစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ LLPDF က ဒီနေ့ မွန်းလွဲမှာ ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ဧပြီ ၂၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်တပ်သား အနည်းဆုံး ၂ ဦးသေဆုံးခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (LLPDF) က ထုတ်ပြန်ခဲ့တာပါ။ တိုက်ခိုက်မှုကို မနက် ၇ နာရီနဲ့ မနက် ၁၁ နာရီမှာ ဒုတိယအကြိမ် ညနေ ၄ နာရီ ၃၀ မိနစ်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ညနေ ၄ နာရီမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ က လောင်းလုံမြို့ထဲကို ပြန်လည်ဆုတ်သွားခဲ့ပြီး လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ‌ဖော်ပြထားပါတယ်။ အဆိုပါတိုက်ပွဲကို လောင်းလုံမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်တွေ အဖွဲ့ပေါင်းစုံ ပါဝင်ခဲ့ပြီး လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လိပ်ပြာတပ်စု၊ တောသားလေးတပ်စု၊ ရွှေသောင်ယံတပ်စု၊ ဇုန်-၄တပ်စု၊ လောင်းလုံ(ပကဖ)ဒရုန်းတပ်ဖွဲ့၊ စနိုက်ပါတပ်ဖွဲ့၊ ကင်မြှီးကောက် ပြောက်ကျားတပ်စုနဲ့ ဂဠုန်တပ်စု စတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။



၂။ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလရ ၂၈၄ တောင်စွန်းစခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၂၆ ဦးသေဆုံးကာ တပ်ရင်းမှူး အပါအဝင် ၁၃ ဦးထွက်ပြေး၊ လက်နက် ၄၀ ကျော် သိမ်းဆည်းရရှိ


မေ ၃ ၊ Mizzima


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ တောင်စွန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ကနဦးသတင်းထုတ်ပြန်သည်။ ဘုရားသုံးဆူ- သံဖြူဇရပ်ကားလမ်း ဘေးရှိ ကြာအင်းဆိပ်ကြီးအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၄) မှ စစ်ကောင်စီတပ်သားများ အထိုင်ချနေသည့် တောင်စွန်းရှေ့တန်းစခန်းကို ယနေ့ (မေလ ၃ ရက်)တွင် Lion Battalion Commando-ဗျူဟာစစ်ကြောင်းအပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ကြောင်း ဆိုသည်။ သို့ရာတွင် တိုက်ပွဲ ဖြစ်စဉ်နှင့် တိုက်ပွဲ အတွင်း နှစ်ဖက် ထိခိုက်မှုများကို ထည့်သွင်း ဖော်ပြခြင်းမရှိခဲ့ပေ။ အသေးစိတ်ကို ည ၇ နာရီတွင် ထပ်မံတင်ပြမည်ဟုသာ ဆိုထားသည်။ တောင်စွန်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ သေနတ်၊ ခဲ၊ ယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရသည်။



၃။ ပခုက္ကူ ပန်းတိုင်းခြုံရွာ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ရဲခုနစ်ဦး သေဆုံး


မေ ၃ ၊ RFA


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံရွာ စစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မေလ ၂ ရက် မနေ့ ညနေ ၄ နာရီခန့်က တိုက်ခိုက်ခဲ့ရာမှာ ရဲခုနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။


အဲဒီစစ်ဆေးရေးဂိတ်စခန်းဟာ ပခုက္ကူမြို့နဲ့ ရှစ်မိုင်ခန့်ဝေးတဲ့ ပခုက္ကူ - ရေစကြို ကားလမ်းပေါ်မှာရှိပြီး ကင်းလှည့်ဖို့ ထွက်တဲ့အချိန် တိုက်ခိုက်ခဲ့တာလို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။


“ပန်းတိုင်းခြုံမှာ သူတို့ တပ်စွဲထားတဲ့ ဂိတ်ရှိတယ်လေ။ တပ်စွဲထားတဲ့ဂိတ်ကနေ သူတို့ ရွာထဲကို ကင်းပတ်တဲ့ အချိန်မှာ စောင့်ပစ်ခံရတယ်လို့ သိရတယ်ဗျ။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပစ်တာဗျ၊။ ခုနစ်ယောက် သေတယ်။ ခုနစ်လက် ရတယ်"။ အဲဒီစစ်ဆေးရေးဂိတ်ဟာ မော်တော်ယာဉ်တွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ ငွေကြေးတောင်းခံတာ တွေ လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မနေ့ညက ပန်းတိုင်းခြုံရွာကို ဝင်ရောက်စီးနင်းတာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။



၄။ ရေစကြိုတွင် တိုက်ပွဲများဖြစ်ပွား


မေ ၃ ၊ DVB


ရေစကြိုမြို့နယ်၊ မုံညင်းကျေးရွာနဲ့ သော်ကဲဘကျေးရွာကြားမှာလည်း မေ ၂ ရက်၊ မွန်းတည့် ၁၂ ဝန်းကျင်က စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ရေစကြို ပကဖ ဆီကနေ သိရပါတယ်။ရေစကြို ပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ရေစကြိုမြို့နယ်က တောင်အိုတာတိုင် စစ်ဆေးရေးဂိတ်က အင်အား ၅၀ လောက်နဲ့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မုံညင်းရွာနဲ့ သော်ကဲဘရွာကြားမှာ အဆင်သင့်ထောင် ထားတဲ့ မိုင်းတွေခွဲလိုက်တာ၊ ရှေ့ပြေးမိုင်းရှင်းအဖွဲ့က စခ ၅ ကောင်ထိပြီး ၂ ကောင်ဂိတယ်။ ၃ ကောင်ကတော့ ဒဏ်ရာတွေ ရသွားကြတယ်။ ကျန်တဲ့ကောင်တွေ မုံညင်းရွာကနေ ခလရ ၂၅၆ ထဲ ဝင်ပြေးသွားကြတယ်” လို့ ပြောပါတယ်။


တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။



၅။ ကျီးကန်းပြင်ဌာနချုပ်ကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ်သားများ ထွက်ပြေး


မေ ၃ ၊ DVB


တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က စစ်ကောင်စီရဲ့ အမှတ် ၁ နယ်ခြားစောင့်စခန်း ကျီးကန်းပြင်ဌာနချုပ်မှ စစ်ကောင်စီတပ်သားတွေ စခန်းကို စွန့်ခွာထွက်ပြေးသွားပြီး ရက္ခိုင့်တပ်တော် (AA) က မေ ၂ ရက် မှာ သိမ်းပိုက်လိုက်ပြီလို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်က အတည်ပြုပါတယ်။ ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးအပတ်ကနေ စတင်ပြီး တော့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ရင်းတွေကို သိမ်းပိုက်ရရှိဖို့ AA က ထိုးစစ်အရှိန်မြှင့်လာတာကြောင့် ကျီးကန်းပြင်ဌာနချုပ်မှ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာလို့ AA နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။



၆။ ရေချိုးလာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး


မေ ၃ ၊ Myanmar Pressphoto Agency


ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာ တာဝါတိုင်စခန်းမှ ရေချိုးရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများကို PPDF က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ မေ ၃ ရက်တွင် ထုတ်ပြန်ထားသည်။


၂၀၂၄ခုနှစ်၊ မေ ၂ရက်၊ ညနေ ၆နာရီခန့်တွင် ရေချိုးရန်ထွက်လာသည့် အင်အား ၁၆ ယောက်ခန့်ရှိသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PPDF 3601 တပ်ရင်း ပြန်ကြားရေးတာ၀န်ခံက ပြောသည်။


"ခြောက်ယောက်က နေရာမှာတင်လဲသွားတယ်။ အဲ့ဒီထဲမှာ သုံးယောက်သေတာကို ဒီနေ့ (မေ ၃ ရက်) မှာ အတွင်း သတင်းအရ အတည်ပြုလို့ရတယ်။ သေဆုံးနဲ့ ဒဏ်ရာရတဲ့ စစ်သားတွေကို သစ်ပုတ်စခန်းထဲ ခေါ်သွားတယ်" ဟု ၎င်းက ပြောသည်။ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် မေ ၃ ရက်၊ မနက် ၈ နာရီခန့်တွင် သစ်ပုတ်ရွာအနီးရှိ ယာတဲ ခြောက်လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သစ်ပုတ်ရွာအနီးနေထိုင်သည့် ဒေသခံတစ်ဦးကပြော သည်။"မနေ့က လက်နက်ကြီးပစ်တယ်ထင်နေတာ၊ ပြီးတော့ စက်လက်သံလည်းကြားရတယ်။ စစ်တပ်က မကြာခဏ လက်နက်ကြီး မကြာခဏပစ်နေတာဆိုတော့ အသံမသဲကွဲဘူးဖြစ်သွားတာ၊ နောက်တော့မှ မိုင်းဆွဲတာဆိုပြီး သိရတာ "ဟု ၎င်းက ပြောသည်။



၇။ ထားဝယ်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး


မေလ ၃ ၊ D Day News


တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း ဗထူးတပ်မတော် (BHA) ထံမှ သိရသည်။ ယမန်နေ့ မေလ ၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေး ရွာရှိ ဘုရားမဲစစ်ဆေးရေးဂိတ်မှ ဇဟာအမြောက်တပ်ဘက်သို့ ထွက်လာသည့် အင်အား ၆၀ ခန့်ပါ အကြမ်းဖက်စစ်သား ၆၀ ဦးပါ စစ်ကြောင်းကို မောင်မယ်ရှောင်ကျေးရွာအနီးအရောက် ဗထူးတပ်မ တော် (BHA)က ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဗထူးတပ်မတော် (BHA) အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက် စစ်တပ်ကို စစ်ရေးအရှိန်မြှင့်ကာ အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းသွာမည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဖြင့် သွားလာနေထိုင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ တရားဝင် အသိပေး ထုတ်ပြန်ထားသော ထုတ်ပြန်ချက်မျာကို လေးစားလိုက်နာကြရန် အထူးသတိပေးထားသည်။



နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ


၈။ စစ်ကောင်စီကို ရှမ်းလက်နက်ကိုင်တပ် SSPP ဒုဥက္ကဋ္ဌက စစ်ကြေညာ


မေ ၃ ၊ Myanmar Now


စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီရရှိရန် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်းမရှိတော့ခြင်းကြောင့် တိုက်ပွဲ ဖြစ်ရတော့မည်ဟု ရှမ်းလက်နက်ကိုင်တပ် SSPP/SSA မှ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ၎င်းတို့တပ်ထိန်းချုပ် ထားသည့် Facebook စာမျက်နှာမှတစ်ဆင့် ယနေ့တွင် ကြေညာလိုက်သည်။“တွေဝေနေလို့ မဖြစ်တော့ပါဘူး၊ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန် မှာတော့ အဖြေရှာဖို့ လမ်းစဉ်ဟာ လုံးဝမရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲဖြစ်ရပါတော့မယ်။ မနက်ဖြန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖြန် အခက်မကြုံဖို့အတွက် ဒီနေ့ ရုန်းကန်ရပါမယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောကြားသည်ဟု SSPP သတင်းဌာနက ရေးသားသည်။ ပြည်ထောင်စုစနစ်ထူထောင်ရန် သဘောတူခဲ့ကြသည့် ပင်လုံ စာချုပ်ကို မဟာလူမျိုးကြီးဝါဒ ကျင့်သုံးသည့် စစ်အုပ်စုအဆက်ဆက်က လျစ်လျူရှုပစ်ပယ်ကာ တစ်ပြည်ထောင်စနစ် တည်ဆောက်ခဲ့သောကြောင့် ယခုလို ဆုံးဖြတ်ရခြင်းဟု SSPP/SSA မှ ဒုဥက္ကဋ္ဌက ပြောကြားကြောင်းလည်း အဆိုပါ သတင်းက ဆိုသည်။ “...စစ်ကောင်စီတွေ အာဏာသိမ်းပြီးနောက်မှာလဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ စားပွဲဝိုင်း ပေါ် ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ နည်းလမ်းတွေ လုံးဝမဖြစ်နိုင်တော့တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။...အခြေအနေ လုံးဝ မပေးနိုင်တော့တဲ့အဆုံး လက်နက်ကိုင်တော်လှန်မယ့်လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောကြားကြောင်း SSPP/SSA ထိန်းချုပ်သတင်းဌာနက ဆိုသည်။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကို ၁၉၇၁ တွင် တည်ထောင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် ဌာနချုပ်တည်ရှိသည်။


ထိုတပ်ဖွဲ့သည် အင်အား ၁ သောင်းအထက်ရှိပြီး မိုင်းရှူး၊ ကျေးသီး၊ ကျောက်မဲ၊ သီပေါ၊ တန့်ယန်း၊ နမ္မတူ၊ နမ့်ခမ်း၊ မိုးမောက်၊ ပင်လုံနှင့် ရပ်စောက်တို့တွင် အဓိကလှုပ်ရှားသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

SSPP သည် ညီနောင်သုံးဖွဲ့ဖြစ်သော ရခိုင်တပ် AA, တအာင်းတပ် TNLA, ကိုးကန့်တပ် MNDAA တို့နှင့် မဟာမိတ်ဖွဲ့ထား သည်။ သို့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဓိကဖြစ်ပွားနေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်ခြင်း မရှိပေ။


ရှမ်းလက်နက်ကိုင်တပ်များထဲတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဆိုသည့် မြန်မာ-ထိုင်းနယ်စပ် လွိုင်တိုင်းလျန်းဒေသတွင် ဌာနချုပ်အခြေစိုက်သည့် အခြားအဖွဲ့လည်း ရှိသေးသည်။ ထိုတပ်ကို ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အင်အား ၈၀၀၀ အထက်ရှိသည်ဟု ISP-Myanmar က ဖော်ပြထားသည်။


စစ်ကောင်စီက ဆက်လက်စွဲကိုင်ထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို RCSS က လက်မှတ်ထိုးထားသော်လည်း SSPP က လက်မှတ်ထိုးရန် ငြင်းဆိုထားသည်။



လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ


၉။ ကလေးမြို့နယ် ပြည်တော်သာရွာက အမျိုးသားနှစ်ဦး သတ်ဖြတ်ခံရ


မေ ၃ ၊ RFA


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပြည်တော်သာ ကျေးရွာမှာ မေလ ၂ ရက်နေ့က စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့လို့ ဒေသခံ အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ သေဆုံးသူတွေဟာ အသက် ၃၀ ၀န်းကျင်အရွယ် ကိုလာလ်ပူ နဲ့ အသက် ၄၀ အရွယ် ကိုဘာဘူ တို့ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါ တယ်။ "သေတဲ့သူတွေက ကျွန်တော်တို့ ပြေးတဲ့ အချိန်မှာ ကျန်ခဲ့တာ။ အဲတော့ စစ်ကောင်စီတပ်က ကျန်တဲ့ သူတို့ နှစ်ယောက်ကို ပစ်သတ်ခဲ့တာ။ သူတို့နှစ်ယောက်လုံး စိတ်ကျန်းမာရေးချို့ယွင်းနေတဲ့သူတွေပါ"ဧပြီ ၃၀ ရက်နေ့ကစပြီး မေ ၂ ရက်နေ့အထိ ပြည်တော်သာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ မေလ ၁ ရက်နေ့မှာ နေအိမ် တစ်ထောင်နီးပါးရှိတဲ့ ပြည်တော်သာကျေးရွာကို စစ်ကောင်စီ တပ်က မီးရှို့ခဲ့ပြီး လက်ရှိ အဲဒီမှာ တပ်စွဲထားကာ နေအိမ်တွေကို မီးဆက်ရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။



၁၀။ ရေကြည်မှာ စစ်မှုထမ်းဥပဒေကို ဝေဖန်မှုနဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံထားရ


မေ ၃ ၊ RFA


ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ် အသုတ်မြို့က ကလေးမိခင်တစ်ဦးကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ စစ်မှုထမ်းဥပဒေအပေါ် ဝေဖန်မှတ်ချက်ရေးသားမှုကြောင့် စစ်ကောင်စီက ဧပြီလ ၂၈ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။ ဖမ်းဆီးခံရသူဟာ အသုတ်မြို့ အမှတ် (၃) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် မခင်လေးမေဖြစ်ပြီး အသက် တစ်နှစ်ခွဲအရွယ် ကလေးတစ်ဦးရဲ့ မိခင်ဖြစ်တယ်လို့ ဆိုပါတယ်။ လူမှုကွန်ရက် သတင်းမီဒီယာတွေမှာ မှတ်ချက်ပေးတာနဲ့ စစ်မှုထမ်းဥပဒေကို ဝေဖန်မှတ်ချက် ပေးတာတွေကြောင့် ဖမ်းဆီးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။


“အဓိက ကတော့ ဧရာ၀တီတိုင်းမ်တို့၊ ခေတ်သစ်တို့မှာ Like တွေ Comment တွေပေးတာရယ်၊ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး အသုတ်မြို့မှာ တစ်အိမ်ထောင် တစ်သောင်းပေးရတယ်ဆိုတဲ့ဟာကို မန့်လိုက်တဲ့အတွက် စစ်ကောင်စီက မတရားဖမ်းဆီးလိုက်တာပါ”။ မခင်လေးမေကို လက်ရှိမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၅၀၅ (က) နဲ့အမှုဖွင့်ထားပြီး အသုတ် မြို့နယ် ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။



၁၁။ မာန်အောင်မှာ ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မတက်ခိုင်းနေ


မေ ၃ ၊ RFA


ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီက ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မတက်ခိုင်း နေတာကြောင့် လူငယ်တွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။


မာန်အောင်မြို့နယ်မှာ ရွာအုပ်စု ၃၆ စု၊ ရွာပေါင်း ၁၄၀ ကျော်ရှိပါတယ်။ အဲဒီအထဲက ကျေးရွာအုပ်စုတစ်ခုကို လူသုံးဆယ် ကနေ တစ်ရာလောက်အထိ ပြည်သူ့စစ်သင်တန်း တက်ခိုင်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “ပြည်သူ့စစ်သင်တန်းတက်ဖို့ ပြီးခဲ့တဲ့လကစလို့ စစ်ကောင်စီတပ်က အတင်းအဓမ္မ လုပ်လာတာပါ။ ပထမဆုံးတော့ အုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး သင်တန်းသား စုခိုင်းတာပေါ့။ အဲဒီလို စုလို့မရတော့ သူတို့ကိုယ်တိုင် လာပြီး ပြောတာပေါ့။ ကျေးရွာအုပ်စုတစ်ခုက အနည်းဆုံး လူသုံးဆယ်တောင်းတာရှိတယ်။ တစ်ရာလောက်အထိ တောင်းတာ လည်းရှိတယ်။ မပေးလို့ မရဘူးတဲ့။ လူငယ်တွေကတော့ စစ်သင်တန်း တက်ရမှာကြောက်လို့ ဟိုပြေးဒီပြေး ထွက်ပြေး နေကြတယ်”။ မာန်အောင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က စစ်သင်တန်းတက်ဖို့ ကန့်ကွက်ခဲ့တဲ့ သစ်ပုံရွာက အိမ်ခြေ နှစ်ရာလောက်ကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကင်းမှုံတောင် စစ်ကောင်စီတပ်စခန်းက ဗိုလ်မှူး ပြည့်ဖြိုးမောင် ဦးဆောင်တဲ့အဖွဲ့က ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။



၁၂။ စစ်တပ်လက်နက်ကြီး ထိမှန်သဖြင့် ပျားစခန်းကျေးရွာရှိ ပြည်သူသုံးဦးထက်မနည်းသေဆုံး


မေ ၃ ၊ Myanmar Pressphoto Agency


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာအတွင်းသို့ မေ ၂ ရက်တွင် စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူသုံးဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည့် အပြင် နေအိမ်များလည်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ အဆိုပါကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၃ မိုင်ဂိတ်ရှိ စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပျားစခန်း ကျေးရွာအတွင်းသို့ လက်နက်ကြီးငါးလုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ယင်းကျေးရွာတွင်နေထိုင်သည့် အသက် ၃၀ အရွယ် အများသားတစ်ဦးက ဆိုသည်။ “ကရင် အဖိုးကြီးနဲ့ အဖွားကြီး လင်မယားအိမ်ပေါ်ကျလို့ နှစ်ယောက် စလုံးသေသွားတယ်၊ ပြီးတော့ အဲဒီနားမှာပဲ ထပ်ကျလို့ အမျိုးသမီးတစ်ယောက်ဆုံးသွားတယ်၊ ဘယ်လောက်သေဆုံး သွားတယ်ဆိုတာတော့ အတိအကျမသိရဘူး။ ဒဏ်ရာရာတဲ့ သူတွေလည်း များတယ်”ဟု ၎င်းက MPA ကိုပြောသည်။


လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၁၅ လုံးထက်မနည်းထိခိုက်ပျက်ဆီးခဲ့ကြောင်း အသက် ၄၀ အရွယ် ကျေးရွာခံ အမျိုးသမီးတစ်ဦးက ဆက်လက်ပြောသည်။








140 views0 comments

Comments


bottom of page